လျှပ်စစ်ရှော့ခ်ရိုက်တဲ့ ကုထုံး (Electroconvulsive Therapy) ဆိုတာ ဘာလဲ
လျှပ်စစ်ရှောခ့်ရိုက်တဲ့ ကုထုံးကို ဆေးပညာမှာ Electroconvulsive Therapy (ECT) လို့ ခေါ်ပြီး စိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားနေရကာ ဆေးကုသမှုနဲ့ ဆွေးနွေးကုသမှု ကဲ့သို့သော တခြားကုသမှုတွေကို တုံ့ပြန်မှု ကောင်းကောင်းမရှိတဲ့ လူနာတွေမှာ သုံးတတ်ပါတယ်။
ECT ဟာ လျှပ်စစ်လှိုင်းအသေးစားလေးတွေနဲ့ ဦးနှောက်ကို နှိုးဆွတဲ့ ကုသမှုဖြစ်ပြီး ကုသမှုခံယူသူတွေရဲ့ ၈၀% ခန့်ဟာ ဝေဒနာတွေ သက်သာသွားလေ့ ရှိပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေတွေကို သက်သာစေတာ ဖြစ်ပြီး နောက်ထပ် လုံးဝပြန်မဖြစ်အောင် တားဆီးနိုင်တဲ့ ကုသမှုတော့ မဟုတ်ပါဘူး။
ဘယ်လိုလူတွေကို ECT ပေးသလဲ?
- စိတ်ကျရောဂါ (Depression) ပြင်းပြင်းထန်ထန် ဖြစ်နေသူတွေ
- Bipolar Disorder လို့ ခေါ်တဲ့ စိတ်ကြွလိုက်၊ကျလိုက် အပြောင်းအလဲ မြန်သူတွေ
- စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ခံစားနေရသူတွေ
- Catatonia လို့ခေါ်တဲ့ ဒေါသအရမ်းကြီးပြီး တုံ့ပြန်မှုပါ မရှိတော့တဲ့ စိတ်ရောဂါရှင်တွေမှာ အသုံးပြုလေ့ ရှိပါတယ်။ တခြားကုသမှုတွေကို တုံ့ပြန်မှု မရှိဘဲ ရောဂါအခြေအနေ ပြင်းထန်ပြီး မိမိကိုယ်ကို အန္တရာယ်ပြုတာ၊ သတ်သေတာမျိုး လုပ်နိုင်ခြေရှိတဲ့ လူနာတွေမှာ အာနိသင် မြန်မြန်ရအောင် အသုံးပြုတတ်ပါတယ်။
ECT ပေးဖို့ ဘာတွေ လိုအပ်သလဲ?
- ECT ပေးဖို့အတွက် စိတ်ရောဂါကုဆရာဝန်၊ မေ့ဆေးဆရာဝန်နဲ့ သူနာပြုဆရာမ သို့မဟုတ် ဆရာဝန်အကူ လိုအပ်ပါတယ်။
- ECT မရိုက်ခင် အရင်ဆုံး လူနာရဲ့ ကျန်းမာရေးအခြေအနေ အထူးသဖြင့် နှလုံးရဲ့ အခြေအနေကို စမ်းသပ်စစ်ဆေးတာ၊ သွေးဖောက်တာ၊ ECG ဆွဲတာတွေ လုပ်ရပါမယ်။
- ECT ရှောခ့်မရိုက်ခင် လူနာမှ သဘောတူညီကြောင်း လက်မှတ် လိုပါတယ်။ လူနာရဲ့ စိတ်အခြေအနေက ဆိုးနေရင် အုပ်ထိန်းသူကို ရှင်းပြပြီး သဘောတူရင် လက်မှတ်ထိုးခိုင်းရပါမယ်။
ရောဂါအခြေအနေပေါ်မူတည်ပြီး တစ်ပတ်မှာ ၂-၃ ကြိမ်ခန့်နဲ့ စုစုပေါင်း ၆-၁၂ ကြိမ်ခန့် ECT ရှောခ့်ရိုက်ဖို့ လိုအပ်နိုင်ပါတယ်။ ECT ရှောခ့်မရိုက်ခင် မေ့ဆေးနဲ့ ကြွက်သားပျော့ဆေးတွေ အရင်ပေးထားရပြီး ဦးခေါင်းရဲ့ လိုအပ်တဲ့နေရာတွေမှာ Electrodes တွေတပ်ကာ လျှပ်စစ်လှိုင်းအသေးစားလေးတွေ ထုတ်လွှတ်ပြီး ရှောခ့်ရိုက်တာပါ။ စုစုပေါင်းအချိန် ၅-၁၀ မိနစ်ခန့်သာ ကြာမြင့်နိုင်ပါတယ်။
ဆိုးကျိုး ရှိနိုင်လား?
မေ့ဆေးပေးရတာ ဖြစ်လို့ မေ့ဆေးရဲ့ အန္တရာယ်တွေ ဖြစ်တဲ့ ပျို့ချင်အန်ချင်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ သတိကောင်းကောင်း ပြန်ရဖို့ အချိန်ကြာတာ၊ မှတ်ဥာဏ်ယာယီပျောက်ဆုံးတာတွေ ရှိနိုင်ပါတယ်။
ဟိုအရင် ကာလတွေက မေ့ဆေးနဲ့ မဟုတ်ဘဲ အိပ်ဆေးနဲ့ ECT ရိုက်ကြရတဲ့အခါ လူနာတွေမှာ နာကျင်ခြင်း ဝေဒနာကို ခံစားကြရလို့ ECT ခံယူဖို့ ကြောက်ကြပေမယ့် မေ့ဆေးနဲ့ လုပ်တဲ့အခါမှာတော့ နာကျင်ခြင်း မရှိသလောက် နည်းတာမို့ ပိုပြီး သက်တောင့်သက်သာ ရှိလာတဲ့ ကုသမှုတစ်ခု ဖြစ်နေပါပြီ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်